ကျီခါး အောက်တိုဘာ ၂၂
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ပြန်ကြားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲ (Talk Show)ကို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း လူစုလူဝေးဖြင့် အသိပညာပေး ဟောပြောပွဲနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ပြည်သူများ Online မှတစ်ဆင့် အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် "မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး"ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ Talk Showကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျီခါးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးလိန်းမာန်က ဦးဆောင် ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး ကျီခါးမြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်က မူးယစ်ဆေးဝါး အန္တရာယ် ဆိုင်ရာ သိကောင်းစရာနှင့် မူးယစ်ဆေးဝါးသုံးစွဲသူ၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း၊ ကျီခါးနယ်မြေရဲစခန်းမှ ဒုရဲအုပ် ထိန်လင်းဟန်က မူးယစ်ဆေးဝါးဆိုင်ရာ ချမှတ်ထားသည့် ပြစ်မှုပြစ်ဒဏ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ် အကြောင်းအရာများ ကိုလည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျီခါးလူငယ်ကိုယ်စားလှယ် မညောင်မေရီအောင်က လူငယ်လူရွယ်များ မူးယစ်ဆေးဝါး အန္တရာယ်မှ ကင်းဝေးစေရေးအတွက် ဆောင်ရန်/ရှောင်ရန်နှင့် သတိပြုစရာ အကြောင်းအရာများ နှင့်ပတ်သက်၍ လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆလိုင်းလိန်းမာန် (ပြန်/ဆက်)