ဟားခါး အောက်တိုဘာ ၂၂
ဟားခါးမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များကို အောက်တိုဘာလ ၂၀ ရက်မှ စတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးနေပြီဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ပေးသူ ၁၂ ဦးအထိ ရှိလာကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးသူများသည် မိမိရောက်ရှိသည့် မြို့နယ်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(၁၅)ဖြင့် လျှောက်ထားသူများဖြစ်ကြောင်း၊ ထိုသို့ လျှောက်ထားချက်ရရှိသည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် အဆိုပါ မဲဆန္ဒရှင်၏ မဲစာရင်းပါရှိရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ဆက်သွယ်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။
ဟားခါးမြို့နယ်အတွင်း အောက်တိုဘာလ ၂၀ ရက် နေ့မှ ကြိုတင်ဆန္ဒမဲပေးသူ (၁၂)ဦး အထိရှိလာပြီး ဆက်လက်၍ ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(၁၅)ဖြင့် လာရောက်လျှောက်ထား သူများအား ဆက်လက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ကြိုတင်မဲလက်မှတ်များအား သက်ဆိုင်ရာ မဲဆန္ဒရှင်များ၏ မြို့နယ်များသို့ ချိတ်ပိတ်ပြီး ပြန်လည် ပေးပို့ကြောင်း ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထောင်းဇဆန်းထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)