ဒီးမော့ဆိုမြို့နယ် ဒေါညေးခူကျေးရွာတွင် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ

ဒီးမော့ဆို ဇန်နဝါရီ ၇

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အထောက်အကူပြုနိုင်စေရန်အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဒေါတမကြီး ကျေးရွာအုပ်စု ဒေါညေးခူကျေးရွာခန်းမဆောင်၌ အခြေခံကွန်ပျူတာသင်တန်း (၄/၂၀၁၉) ဆင်းပွဲ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်းတို့က အမှာစကားပြောကြားရာ ကျေးလက်ဒေသ၌ နေထိုင်ကြသော လူငယ်လူရွယ်များသည် ပြောင်းလဲတိုးတက်လာသော နည်းပညာခေတ်တွင် ကွန်ပျူတာနှင့် ဆက်စပ်သော နည်းပညာများကို သိရှိနားလည်ထားကြရန် လိုအပ်သည့်အပြင် မိမိတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း၊ ယနေ့ ဖွင့်လှစ်သင်ကြားပြီးစီးခဲ့သောသင်တန်းသည် အခြေခံသင်တန်းဖြစ်ပြီး အဆင့်မြင့်သင်တန်းများအား ထပ်မံသင်ယူလိုပါက သင်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကြသည်။

ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညွှန့်ဇော်က သင်တန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသော သင်တန်းသားများကို ဆုများချီးမြှင့်ကာ မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင် က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းသို့ ဒေါတမကြီးကျေးရွာအုပ်စုအတွင်းရှိ လူငယ်လူရွယ် ၂၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ တစ်လတာအတွင်း အခြေခံစာစီစာရိုက်နှင့် ပတ်သက်သော Word ၊ Excel ၊ PowerPoint နှင့် ဖိတ်စာပြုလုပ်နည်းတို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)