ဟားခါး အောက်တိုဘာ ၂၂
ဟားခါးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဟားခါးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ဟားခါးမြို့နယ်လုံခြုံရေး ကော်မတီ၏ လုပ်ငန်းတာဝန်များ ကို လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးစီမံခန့်ခွဲမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ နယ်မြေခံတပ်ကိုယ်စားလှယ်နှင့် ဟားခါးမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူးကျော်ဇင်လင်းတို့က ဟားခါးမြို့နယ်အတွင်း မဲရုံလုံခြုံရေး ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို လည်းကောင်း၊ ဟားခါးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးထောင်ဇဆန်းက ဟားခါးမြို့နယ် အတွင်း ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ထားမှု အခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း၊ ဟားခါးမြို့နယ် ပညာရေးဌာနမှ ဟားခါးမြို့နယ် အတွင်းမဲရုံများတွင် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် တာဝန် ထမ်းဆောင်မည့် ပညာရေးဌာနမှ ဆရာ/ဆရာမ စုစုပေါင်း(၁၉၀)ဦးအား တာဝန်ပေးအပ်မှု အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် တက်ရောက် လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ဖြည့်စွက်ဆွေးနွေး ပြီးနောက် နိဂုံးချုပ်မှာစကားပြောကြားသည်။
ဟားခါးမြို့နယ်အတွင်း မဲရုံ(၉၅)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း(၃၉၁၂၃)ဦးရှိကြောင်း သိရှိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)