မိတ္ထီလာ ဇန်နဝါရီ ၇
မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် မြို့ပေါ်လမ်း(၁၂)လမ်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့မှာဆိုရင် ရပ်ကွက် (၁၄) ခုရှိပြီး ၎င်းရပ်ကွက်အတွင်းရှိ လမ်းများအနက် လမ်းအဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသောလမ်းများကို နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်ရန်ပုံငွေဖြင့် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းအဖြစ် ရုပ်ရှင်ရုံလမ်းကို ဆောင်ရွက်နိုင်ခဲ့ပြီး ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ပြည်သာယာတောင်ရပ်ကွက်(၃)လမ်း၊ ရန်မျိုးအောင်ရပ်ကွက် အောင်မြေလမ်း၊ ဝေပုလ္လဘုရားလမ်း၊ မြို့မစျေးကြီးတောင်/မြောက်လမ်း၊ သီရိမင်္ဂလာရပ်ကွက် မြခရေးလမ်း၊ ရတနာမာရ်အောင်ရပ်ကွက် သုခဝတီလမ်းမှ ခိုင်သဇင်လမ်းထိ နှင့် ကမ္ဘောဇဘုန်းကြီးကျောင်းလမ်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ ယင်းအပြင် အောင်ဆန်းရပ်ကွက် စက်တန်းလမ်း၊ နန်းတော်ကုန်း နယ်မြေ(၁)ရွှေစောလူးလမ်း၊ ပေါက်ချောင်းရပ်ကွက် နယ်မြေ(၂)နှင့် နယ်မြေ(၃)ကြားလမ်းတို့ကို ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအပြင် ရန်မျိုးအောင်ရပ်ကွက် အောင်ချမ်းသာ (၁၂) လမ်းကိုလည်း ကျောက်ချောခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယနှစ် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင်လည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့ပေါ်ရှိ လမ်း(၃၇)လမ်းကို ဆောင်ရွက်သွားမည်ဖြစ်ရာ ကျပ်သိန်း (၁၀၀)နှင့် အထက် ဆောင်ရွက်မည့်လမ်း (၁၇) လမ်းကို ကုမ္ပဏီများအား တင်ဒါခေါ်ယူပြီး စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျပ်သိန်း (၁၀၀) နှင့်အောက် ဆောင်ရွက်မည့်လမ်း(၂၀)ကို စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးမြင့်ဝင်းက ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(ပြန်ဆက်)