မိတ္ထီလာမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ဝိုင်းကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ဝိုင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းအခမ်းအနားတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ ကိုသစ္စာ(ထီလာ)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ကျောင်းသား/ကျောင်းသူများ ဆွေးနွေးပြောကြားမှုအပေါ် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ ဒေါက်တာဇော်နှင့် စာရေးဆရာစံလင်းဦးတို့က သုံးသပ်ဆွေးနွေး ပြောကြားခဲ့သည်။ ယင်းနောက် စာဖတ်ဝိုင်းတွင်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ ရွှေညာမြေမြသင်းကြိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ပြီး မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းမှ ဒေါက်တာဇော်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ စာအုပ်စာစောင်နှင့်အလှူငွေများ ပေးအပ်လှူဒါန်းရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လက်ခဲ့သည်။

အဆိုပါ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ဝိုင်းအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့မှ ပူးပေါင်း၍ ကျင်းပခဲ့ရာ ၎င်းစာဖတ်ဝိုင်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။           

သိန်းမြင့်ကျော်(မိတ္ထီလာ)