လယ်ဝေး နိုဝင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မဒေါ့ပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း အခမ်းအနားကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ် အေးမို့မို့မောင်က အမှာစကားပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က စေ့စပ်ညှိနှိုင်းရေးမှူး (Moderator) အဖြစ် ဆောင်ရွက်ပြီး Grade-10 မှ ကျောင်းသား၊ ကျောင်းသူလေးများဖြစ်သည့် မသရဖီကျော်က လူငယ်နှင့်ကျန်းမာရေး၊ မစန္ဒာဖြိုးက လူငယ်နှင့်ရည်မှန်းချက်၊ မောင်နန်းဝေယံက လူငယ်နှင့်ပညာရေး၊ မောင်ပြည့်စုံအောင်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် မဒေါ့ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ကျောင်းစာကြည့်တိုက်သို့ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ လှူဒါန်းခဲ့ပြီး ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ဆိုင်ရာအသိပညာပေး စာအုပ်ပြပွဲများအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)