တံတားဦးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းသား/သူများအား ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြော

တံတားဦး နိုဝင်ဘာ ၁၆

တံတားဦးခရိုင် တံတားဦးမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ ရှေးဦးပြုစုခြင်းအကြောင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း နေမျိုးစည်သူခန်းမတွင် ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် တံတားဦးမြို့နယ် တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်စုနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ နာယက ဦးမြင့်အောင်တို့က အမှာစကား အသီးသီးပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဦးအောင်နိုင်မင်းက ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းအကြောင်း ရှင်းလင်းရှင်းပြောကြားရာတွင် ကြက်ခြေနီ ဆိုသည်မှာ ဘေးဒုက္ခများကျရောက်မှသာ ကူညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်းမဟုတ်ကြောင်းကြိုတင်ပြင်ဆင်မှုများကိုပါ လုပ်ဆောင်သည့်အဖွဲ့အစည်းဖြစ်ကြောင်း၊ ဒါ့အပြင် ကြက်ခြေနီအသင်းတွင် အခြေခံမူ(၇)ချက်ရှိပါကြောင်း၊ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ခွဲမှူး ဒေါ်ရီရီချိုက ဆို့နင့်ခြင်းခေါင်းစဉ်ဖြင့်၎င်း၊ မြို့နယ် ကြက်ခြေနီအသင်းခွဲလူငယ်ခေါင်းဆောင် ဦးမာန်က လူနာဆန်းစစ်ခြင်းနှင့် ရှေးဦးပြုစုသူ လိုက်နာရမည့် စည်းကမ်းချက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက ကျောင်းသားသူများအားလက်တွေ့သရုပ်ပြဆောင်ရွက်ကြသည်။

အလားတူ မြို့နယ်ကြက်ခြေနီအသင်းခွဲမှတာဝန်ရှိသူများက နိုဝင်ဘာ(၁၅)ရက်နေ့တွင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ နိုဝင်ဘာ(၁၆)ရက်နေ့တွင် တောင်ဘီလူ အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ နိုဝင်ဘာ(၁၇)ရက်နေ့တွင် စကားအင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင်လည်းကောင်း၊ ရှေးဦးပြုစုခြင်းအကြောင်းအသိပညာပေးဟောပြောပွဲကို ဆက်လက် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဦးအောင်နိုင်မင်း ထံမှသိရသည်။

ရဲတင့်(ပြန်/ဆက်)