ညောင်ရွှေ ဇန်နဝါရီ ၇
အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတ တိုးပွားလာစေရန် စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုး၍ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ကလေးအလုပ်သမားများအကြောင်း၊ လူမှောင်ခိုကူးမှုအန္တရာယ်များအကြောင်း သိရှိနားလည်စေရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေ မြို့နယ်ရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့ နံနက်(၁၀)နာရီတွင် ညောင်ရွှေမြို့နယ် အိုင်ထောင့်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေမျိုးသူရိန်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ကလေးအလုပ်သမားများအကြောင်းနှင့် လူမှောင်ခိုကူးမှုအန္တရာယ်၊ စာကြည့်တိုက်များ ရေရှည်ခိုင်မာရေး အကြောင်းအရာများကိုလည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်(၂) ဦးစိုင်း သက်နိုင်က နေ့ထူးနေ့မြတ်များနှင့် စာပေဖတ်ရှုခြင်း၏ အကျိုးရလဒ်များ အကြောင်းကိုလည်းကောင်း ရှင်းလင်း ဟောပြောခဲ့သည်။
ထို့နောက် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းအဖြစ် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းသား ပုံပြင် စာအုပ်များ၊ ရုပ်ပြစာစောင်များ ဖတ်ရှုစေခြင်းနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ် စာစောင်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ