ထန်တလန်မြို့တွင် စားသောက်ဆိုင်များ၊ ဆိုင်ခန်းများနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာလအတွင်း ညွှန်ကြားချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင် စစ်ဆေး

ထန်တလန်  အောက်တိုဘာ  ၂၃

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ဖွင့်လှစ်လျက်ရှိသော စားသောက်ဆိုင်၊ ဆိုင်ခန်းများနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေးအမှုဆောင် ဦးဗန်ဇအုပ် ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်က ရှောင်တခင် လှည့်လည် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဗန်ဇအုပ် ဦးဆောင်၍ ပူးပေါင်း အဖွဲ့တို့သည် စားသောက်ဆိုင်၊ စျေးဆိုင်ခန်းများနှင့် လက်ဖက်ရည်ဆိုင်များ ဖွင့်လှစ်ရောင်းချရာ တွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ဆိုင်ဝန်ထမ်းများ နှာခေါင်းစည်း Mask  စနစ်တကျ တပ်ဆင်ထားမှု ရှိ/မရှိ၊ ကျန်းမာရေးနှင့်ညီညွတ်စွာ သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်ထားမှုနှင့် ရောင်းချမှုရှိမရှိတို့ကို စစ်ဆေးခဲ့ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်ခြင်းမရှိသည့် ဆိုင်များအား သတိပေးခြင်း၊ မလိုက်နာပါက ကာလအကန့်အသတ် တစ်ခုအထိ ဆိုင်ပိတ်သိမ်းခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထန်တလန်  မြို့မဈေးရှိ ဈေးသည်များအား ဆိုင်ခန်းများ၏ (၅၀)ရာခိုင်နှုန်း ထက်ဝက်ဖြင့်သာ အလှည့်ကျ ဈေးရောင်းချစေပြီး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချမှု ရှိ/မရှိ ကြီးကြပ်နိုင်ရေးအတွက် စည်ပင်ဝန်ထမ်းတစ်ဦးအား နေ့စဉ်တာဝန်ချထားလျက်ရှိပြီး ရှောင်တခင် စစ်ဆေးခြင်း များလည်း ဆောင်ရွက် လျက်ရှိကြောင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)