ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျောက်ဆည် နိုဝင်ဘာ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးအကြောင်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့တို့ ပူးပေါင်း၍သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မုန်တိုင်းဖြစ်ပွားပါက အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ မုန်တိုင်းသတိပေးချက်များရရှိပါက ကြိုတင်ပြင်ဆင်လိုက်နာ ဆောင်ရွက်ထားရမည့်အချက်များနှင့် အရေးပေါ်သုံးပစ္စည်းများအကြောင်း၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ပြုလုပ်ရမည့်အချက်များနှင့် မုန်တိုင်း ဖြစ်ပေါ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့် အချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များရှင်းလင်းပြောကြားခဲ့ပြီး ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက ငလျင် ဘေးကြုံတွေ့ပါက ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များစသည့် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောခဲ့ရာ တက်ရောက် လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီးကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာကင်းရှင်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)