ပျော်ဘွယ် နိုဝင်ဘာ ၁၇
ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင် ကျောင်းသား/သူများ စုပေါင်း၍ ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင် ကျောင်းသား၊ကျောင်းသူများက စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် “လူမျိုးမြင့်ဖို့စာဖတ်စို့” ဟူသည့်ခေါင်းစဉ်ပါအကြောင်းအရာများကို ဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးကြသည်။
စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာသည် စာကိုကောင်းကောင်းရေးတတ်/ဖတ်တတ်ရန် တိုက်တွန်းထားပါကြောင်း၊ စာတတ်မှသာ ကျန်းမာရေး၊ စီးပွားရေး၊ နည်းပညာ စသည့်ကဏ္ဍအသီးသီး၌ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဘွဲ့ရပညာတတ်သောသူများသည် အများအားဖြင့် စာပေဖတ်ရှုမှုအားနည်းနေသည်ကိုတွေ့မြင်ရပါကြောင်း၊ လုပ်ငန်းတစ်ခုတွင် အလုပ်ဖြင့်အချိန်ကုန်နေရသည်မှန်သော်လည်း မိနစ်အနည်းငယ်ခန့်အချိန်ပေးကာ ပြင်ပစာပေတွေကို လေ့လာဖတ်ရှုသွားရန်လိုအပ်ပါကြောင်း လူမျိုးမြင့်ဖို့အတွက် ပညာမြင့်ရန်လိုအပ်ပါကြောင်း၊ တိုင်းပြည်တိုးတက်ဖို့အတွက် လူတိုင်းမှာတာဝန်ရှိသလို လူတိုင်းစာဖတ်ရန်လည်း တာဝန်ရှိကြောင်းတို့ကို တိုက်တွန်းထားသည့်အတွက်များစွာပညာရသည့် စာအုပ်ကောင်းဖြစ်ကြောင်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
မင်းမင်းထွေး(ပျော်ဘွယ်)