ပူတာအို အောက်တိုဘာ ၂၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် အောက်တိုဘာ(၁၆)ရက် ည(၁၀)နာရီ၀န်းကျင်ခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ထိခိုက်ခဲ့သော ကျေးရွာအုပ်စုနှစ်အုပ်စုရှိ လေဘေးသင့်အိမ်ထောင်မိသားစုများအား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁၂)နာရီခွဲတွင် အဆိုပါ လေဘေးသင့်အိမ်ထောင်မိသားစု အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင် ဦးဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိမ်းလေး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်၊ ခရိုင်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစောနွဲ့နေအောင်တို့က ပူတာအိုမြို့နယ် ပူတောင်း ကျေးရွာအုပ်စု မုဒုံ-၂ ကျေးရွာနေ လေဘေးသင့် အိမ်ထောင်မိသားစု(၇)စုနှင့် အသင်းတော်မူကြို ထမင်းစားဆောင်အတွက် ထောက်ပံ့ငွေကျပ်စုစုပေါင်း (၈၆၀,၉၀၀) ကျပ်နှင့် အိမ်ထောင်မိသားစုငါးစုအတွက်ထောက်ပံ့ပစ္စည်း (၁၇)မျိုးစီနှင့် ပမ္မတီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာလေးရွာမှ လေဘေးသင့်အိမ်ထောင်မိသားစု(၆)စုနှင့် ပမ္မတီးကျေးရွာ အမှတ်(၅) အေဂျီအသင်းတော် မူကြိုကျောင်း ဆောင်အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ်(၇၆၇,၆၀၀)နှင့် အိမ်ထောင်မိသားစုနှစ်စုအတွက် ထောက်ပံ့ ပစ္စည်း (၁၇)မျိုးစီ တို့ကို အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရ သည်။
ဖုန်ကန်(ပြန်/ဆက်)