ဘိုကလေး နိုဝင်ဘာ ၁၈
လူငယ်များ ဘက်စုံကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးနှင့် လူငယ်အချင်းချင်း အသိပညာ၊ ဗဟုသုတ နှီးနှောဖလှယ်နိုင်စေရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီ၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်သည်။
အဆိုပါ လူငယ်စကားဝိုင်းအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် ဝန်ထမ်းများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးနိုင်းလိန်းဟုန်းနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများ စုစုပေါင်း အင်အား(၂၀၀)ခန့် တက်ရောက်ကြသည်။
စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်အတူ လူငယ်များအနေနှင့် စာများများ ဖတ်ရန်လိုအပ်ကြောင်း၊ အနာဂတ်ရဲ့ခေါင်းဆောင်များ ဖြစ်လာမည့်လူငယ်များအနေဖြင့် စာပေအသိပညာဖွံ့ဖြိုးတိုးတက်ပြည့်ဝနေပါမှ နိုင်ငံကိုအကောင်းဆုံး ဦးဆောင်နိုင်မည့်သူများ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားပြီး နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ သင်တန်းသား/သူ (၄)ဦးက “လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်အားကစား” စသည့်ခေါင်းစဉ်များဖြင့် ပြည့်စုံစွာဆွေးနွေးပြောကြားခဲ့ပြီးနောက် စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အဆိုပါကျောင်းရှိ ကျောင်းသား/သူများအား အသိပညာပေး နံရံကပ်စာစောင်များကိုလည်း အသိပညာပေးပြသခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)