ဇေယျာသီရိ နိုဝင်ဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိပါကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန် ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုး သူများအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေးရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ပါကြောင်းနှင့် စာရေးဆရာမ မေချို(ပျဉ်းမနား)ရေးသားသည့် မြန်မာကို မြန်မာတို့သိစေချင်နှင့် အခြားဆောင်းပါးများ စာအုပ်ပါ အကြောင်းအရာများအား မိတ်ဆက်ဆွေးနွေးခဲ့သည်။ ယင်းနောက် နေပြည်တော်စာပေ ဝိုင်းနာယက ပခုက္ကူစာပေတစ်သက်တာဆုရှင် တင်ရီမ(ညောင်ဦး) ဦးဆောင်၍ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာကြီး၊ စာရေးဆရာမကြီးများက စာရေးဆရာမ မေချို(ပျဉ်းမနား) ရေးသားသည့် မြန်မာကို မြန်မာတို့သိစေချင်နှင့် အခြားဆောင်းပါးများ စာအုပ်ပါ အကြောင်းအရာများအား အသီးသီးဆွေးနွေး ခဲ့သည်။ ယင်းနောက် စာရေးဆရာမ မေချို(ပျဉ်းမနား)က မြန်မာကို မြန်မာတို့သိစေချင်နှင့် အခြားဆောင်းပါးများ စာအုပ်အား ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)