မြောင်းမြ နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၁နာရီခွဲအချိန်က Book Club အဖွဲ့နှင့် စာရေးဆရာမ မနှင်းဖွေး ရေးသားသည့် မန္တလေးသို့ သွားနေသည်နှင့် အခြား အတွေးစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Book Club အဖွဲ့ဥက္ကဋ္ဌ ဆရာ ဦးညီညီဌေးက “နှစ်ရာတန်ပရဟိတ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အတွင်းရေးမှူး ဒေါ်အုန်းကြိုင်က “ကျွန်မချစ်သောသစ်ပင်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊အဖွဲ့ဝင် ဦးကျော်ရဲအောင်က “သဗ္ဗေသတ္တာ ကမ္မသကာ” ၊ ခေါင်းစဥ် ဖြင့်လည်းကောင်း၊ ဒေါ်တင်လဲ့လဲ့ဦးက "သင်္ကြန်မိုးပြေးရေ---စိုရုံဖျန်းပက်ဦး" ဖြင့် ခေါင်းစဥ်ဖြင့် လည်းကောင်း၊ ဒေါ်မြသက်မွန်က “အမှည့်တဝင်းဝင်း သစ်သီး” ၊ ဒေါ်အေးမြတ်မွန်က “နားလည် ပေးလိုက်ပါ” ခေါင်းစဉ်နှင့်နှင့် ဒေါ်အိဇာခြည်ထွေးတို့က “မန္တလေးသို့ သွားနေသည်” ခေါင်းစဉ် တို့ဖြင့် အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာကြသူများက စာအုပ်ပါအကြောင်းအရာများ၊ ထင်မြင်ယူဆချက်များ၊ စာအုပ်ပါအရေးအသားအသုံးအနှုန်းများ၊ ရည်ရွယ်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟု သုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)