တနိုင်း အောက်တိုဘာ ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့ RC စစ်ရှောင်စခန်းတွင် ခိုလှုံနေသော နမ်ခမ်၊ အင်္ဂါဂါး ကျေးရွာများမှ စစ်ရှောင်အိမ်ထောင်စု (၂၆)စုတို့အား ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက် မြို့ရှောင်လမ်းတွင် ဆောက်လုပ်ပြီးစီးသော နေရာသစ်ဖွင့်ပွဲနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပ ပြုလုပ်သည်။
စစ်ရှောင်အိမ်ထောင်စုများ ပြန်လည်ပြောင်းရွေ့နေရာချထားပေးမည့် နေရာသစ်ဖွင့်ပွဲသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းနှင့် ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေရာသစ်ကို ကတ်သလစ်ဂိုဏ်းချုပ်ဆရာတော် ဖရန်စစ်ဒေါ့တန်က မုဒ်ဝအဖွင့်ကောင်းချီး ပေးဆုတောင်းပြီး ပြည်နယ်ဝန်ကြီးများနှင့် ဆရာတော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးများနှင့် မြစ်ကြီးနားမြို့ဂရုဏာလူမှုစည်းရုံးညီညွတ်ရေး ဒါရိုက်တာ ဖာသာဆန်ဆွန်၊ KHCC ဥက္ကဋ္ဌ၊ သိက္ခာ တော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်နှင့် တာဝန်ရှိသူများက ပြောင်းရွေ့နေရာချထားမည့် နေအိမ်များအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။
ထိုနောက် ပြန်လည်ရွေ့ပြောင်းနေထိုင်မည့် အိမ်ထောင်စု (၂၆)စုအား ထောက်ပံ့ပစ္စည်း များကို အဆိုပါ ရွေ့ပြောင်းနေရာရှိ Community Hill ခန်းမ၌ ဆက်လက်ပြုလုပ်ရာ ပြည်နယ် အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် ဆန်(၁)အိတ်နှုန်းဖြင့် ဆန်အိတ် (၂၆)အိတ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စားနပ်ရိက္ခာ(၁)လစာအတွက် (ဆန်အိတ် (၄၀)၊ ရ ပြည်၊ ၄ ဗူးနှင့် ဆီ (၅၂) ပိဿာ၊ ပဲ (၅၂)ပိဿာ၊ ဆား (၂၆)ပိဿာ) ပြောင်းရွေ့စရိတ်အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၀၀၀၀၀)ဖြင့် ငွေကျပ် (၂၆၀၀၀၀၀၀)၊ အင်္ကျီ၊ လုံချည်နှင့် မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေ သုံးပစ္စည်းမျိုးစုံ (၂၂)မျိုး ပါဝင်သည့် ကယ်ဆယ်ရေးပစ္စည်းပုံး တစ်အိမ်ထောင်လျှင် (၁)ပုံးစီဖြင့် (၂၆) ပုံး စုစုပေါင်းငွေသားနှင့် ပစ္စည်းတန်ဖိုး ငွေကျပ် (၆၂၁၅၆၇၅)နှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ မိုးကာ၊ Shelter Tool Kit ၊ Hygiene Kit ၊ စောင်စသည့် ပစ္စည်း(၄)မျိုး တစ်အိမ် ထောင်လျှင် (၁)စုံစီဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၂၉၉၀၀၀၀)ကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝါဝါ(ပြန်/ဆက်)