နမ္မတူ ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ၏ လုပ်ငန်းစဉ် ရှင်းလင်း တင်ပြခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် ဆွေးနွေးပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၉)နာရီ အချိန်က ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ နမ္မမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံသူနာပြု ဆရာမကြီး ဒေါ်နန်းမြနွယ်က အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) မှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင့်ရေးအသင်း (MANA)၏ လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) မှ တာဝန်ခံဆရာဝန် ဒေါက်တာ ဟိန်းထက်မောင်မောင်က မူးယစ်ဆေးဝါး အန္တရာယ်နှင့် နောက်ဆက်တွဲအန္တရာယ် လျှော့ချရေး လုပ်ငန်းစဉ်များအား အသိပညာပေးဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ဧည့်သည်တော်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)