ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို  ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မောင်မင်းစိုးရေးသားသည့် မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များနှင့် အခြားလူငယ်လမ်းညွှန် ဆောင်းပါးများ စာအုပ်ပါ ဗလငါးတန်ဖွံ့ဖြိုးရေး ဆောင်းပါးနှင့် တာဝန်ကိုယ်စီရှိကြသည် ဆောင်းပါးကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးရာတွင် အသိပညာသည် အရာရာတိုင်း၌ အရေးကြီးပါကြောင်း၊  အကျင့်စာရိတ္တကောင်းသောသူသည် အသိပညာမရှိပါက အသက်မွေးရန် ခက်ခဲလှပါကြောင်း၊ လူငယ်တိုင်းဗလငါးတန်ဖွံ့ဖြိုးရန် လိုအပ်ပါကြောင်းနှင့် နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ လူတိုင်းဟာသူ့နေရာနှင့်သူ အရေးပါလှပါကြောင်း၊ မိမိရဲ့ရပ်တည်နေမှုအပေါ် စေတနာပါပါနှင့် မောင်းနှင်နိုင်ဖို့ဟာ အရေးကြီးပါကြောင်း သို့မှသာ ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါကြောင်း  အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Show များ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း