ပုသိမ်မြို့နယ်အတွင်းရှိ တောင်ယာကုန်း-ရွာသစ်ကုန်း-စမ်းမြိုင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပုသိမ် နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် တောင်ယာကုန်း-ရွာသစ်ကုန်း-စမ်းမြိုင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း (လမ်းအရှည် ၀/၂မိုင်)အား ဌာနမှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ထိန်းသိမ်းရေး) ဦးနေဦး၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်းနှင့် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းတို့က ကွင်းဆင်းစစ်ဆေးခဲ့ရာ ပုသိမ်မြို့နယ် ဦးစီးအရာရှိ(မြို့ပြ) စဟိန်းလင်းဇော်မှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ တာဝန်ရှိသူများက အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး လိုအပ်သည်များ မှာကြားခဲ့သည်။

တောင်ယာကုန်း-ရွာသစ်ကုန်း-စမ်းမြိုင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၈)ရွာ၊ အိမ်ခြေ (၈၀၃)အိမ်၊ လူဦးရေ (၂၉၈၀)ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

မြင့်ဟန် (ပြန်/ဆက်)