ကာလိ၊ အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီအဖွဲ့နှင့် တာဝန်ရှိသူများတို့က ယနေ့နံနက်(၇)နာရီအချိန်ခန့်က ယာယီပျံကျဈေးနှင့် ကာလိမြို့ပေါ်ဆိုင်များတို့ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာလိမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီအဖွဲ့များက ယာယီပျံကျဈေးတွင် အခြားမြို့နယ်များမှ လာရောက်ရောင်းချသည့် ဈေးသည်များအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အဆိုပါ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ ကာလိမြို့၌ လာရောက်ရောင်းချခွင့် ယာယီပိတ်ပင်ခဲ့ကြောင်း အသိပေးပြောကြားခဲ့ပြီး ယာယီပျံကျဈေးတွင် လာရောက်ဝယ်ယူ ရောင်းချနေကြသည့် ဒေသခံပြည်သူများတို့ကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန် ကွင်းဆင်းအသိပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ကာလိမြို့အတွင်းရှိ စားသောက်ဆိုင်များ၊ ခေါက်ဆွဲဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အအေးဆိုင်များ တို့ကို ပါဆယ်စနစ်နှင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ တို့ကို ထပ်မံလိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရသည်။
ဝင်းကျော်(ကာလိ-ပြန်/ဆက်)