မိုင်းယောင်း အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး ကြပ်မတ်စစ်ဆေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို လူစည်ကားနေရာဖြစ်သည့် ဟိုခုံလမ်းဆုံနှင့် နှင်းဆီလမ်းဆုံတို့တွင် အဖွဲ့ နှစ်ဖွဲ့ခွဲ၍ ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သိရသည်။
အဆိုပါ နှာခေါင်းစည်းတပ်ဆင်ရေး ကြပ်မတ်စစ်ဆေးခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ဦးဆောင်ပြီး ကျန်းမာရေး၊ ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မျိုးဆက်သစ်ရောင်နီ ပရဟိတ လူမှုကူညီရေးအသင်းနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
“ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများအနေနဲ့ လူစုလူဝေး နေရာများကို ရှောင်ကျဉ်ကြပါ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း Mask ကို မဖြစ်မနေ တပ်ဆင်ပြီးမှသာ ထွက်ခွာသွားလာကြဖို့ အသိပညာပေးဆောင်ရွက်ခြင်း ဖြစ်ပါတယ်”ဟု နှာခေါင်းစည်းတပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှု ကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ပြောသည်။
မြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့်အညီ နေထိုင်သွားလာစေရေး၊ နေအိမ်ပြင်ပသို့ ထွက်၍ သွားလာမည့်သူများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်သွားလာကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စဉ်ဆက်မပြတ် နှိုးဆော်ပေးလျက်ရှိရာ ယခုအခါ ပြည်သူများမှ နှာခေါင်းစည်း တပ်ဆင်သွားလာခြင်း၊ လူစုလူဝေးနှင့် ရိုးရာပွဲ မပြုလုပ်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးတွင် ပူးပေါင်းပါဝင်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း