ထားဝယ် နိုဝင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့်ပျော်ပွဲရွှင်ပွဲ ကစားနည်း၊ စာအုပ်စာစောင်နှင့်နံရံကပ်ဓာတ်ပုံပြပွဲ များကိုယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ကျင်းပခဲ့သည်။
ရှေးဦးစွာ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ကျောင်းသား/သူများအနေဖြင့် မြန်မာ နိုင်ငံ၏နေ့ထူးနေ့မြတ်များ၊ သမိုင်းအစဉ်အလာများကို သိရှိနားလည်၍ အနာဂတ်တွင်တန်ဖိုးထား တတ်ကြစေရန်၊ အသိပညာဗဟုသုတကြွယ်ဝပြီး မျိုးဆက်သစ် လူရည်ချွန်များ ထွက်ပေါ်လာစေရန်၊အာရုံစူးစမ်း လေ့လာမှုနှင့်ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုရရှိလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများနှင့်ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် Book Club အသင်းအဖွဲ့ဝင်၊ စာရေးဆရာမဒေါ်ဆွေဆွေဝင်းက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာရခြင်း၏ သမိုင်းကြောင်းအား ဆွေးနွေးပြောကြားပြီး အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများ၏ လူငယ်နှင့် အမျိုးသားအောင်ပွဲနေ့ခေါင်းစဉ်ဖြင့် စာစီ စာကုံးပါဝင်ယှဉ်ပြိုင်နေမှုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဆောင်ရွက်ချက်မှတ်တမ်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲများဖြစ်သော ဆေးရောင်ခြယ်၊ စကားပုံ ဆက်ပြိုင်ပွဲများကို ပျော်ရွင်စွာဖြင့် ကစားခဲ့ကြကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)