မိုင်းယောင်းမြို့နယ်၌ ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ အလှူငွေပေးအပ်

မိုင်းယောင်း အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အလှူငွေ ကျပ်တစ်သိန်းကို မြို့နယ် သံဃနာယကအဖွဲ့ မိုင်းဟန်ဆရာတော် ဘဒ္ဒန္တဇဋိလက ၄၃ နှစ်ပြည့် မွေးနေ့အလှူအဖြစ် အောက်တိုဘာ ၂၄ ရက်တွင် ပေးအပ်လှူဒါန်းသည်။

လှူဒါန်းပွဲတွင် ဆရာတော်က ဩဝါဒချီးမြှင့်ပြီးနောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးထံ ဆရာတော်က အလှူငွေ ကျပ်တစ်သိန်းကို ပေးအပ်ကာ တပ်ဖွဲ့မှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်ခဲ့သည်။

မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် ကန့်သတ်စောင့်ကြည့်စခန်း ဝင်နေသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ နှိုးဆော်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်ခြင်း၊ Swab နမူနာများ ရယူစစ်ဆေးခြင်းနှင့် မြို့နယ်အတွင်း နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး Facility Quarantine နေထိုင်ပြီးစီးသူများအား အိမ်တိုင်ရာရောက် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

ထို့ပြင် မြို့နယ်အတွင်း တောင်ပေါ်ဒေသ တိုင်းရင်းသားကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်ခြင်း၊ နှာခေါင်းစည်းနှင့် လက်ကမ်းစာစောင်များ၊ ဖြန့်ဝေပေးခြင်း၊  ပိုစတာများ ကပ်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ တိုက်တွန်းဆော်ဩခြင်းတို့ကို လုပ်ဆောင်လျက် ရှိပြီး သွေးအလှူရှင်များ စုဆောင်းခြင်း၊ ကိုယ်တိုင်သွေးလှူဒါန်းခြင်းတို့ကိုလည်း ဆောင်ရွက်ပေး လျက်ရှိကာ မတော်တဆမှုနှင့် သဘာဝဘေး ဖြစ်ပွားချိန်တွင် အသုံးပြုရန် အရေးပေါ် လူနာတင်ယာဉ် လိုအပ်နေ၍ လှူဒါန်းလိုသူများအနေဖြင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဖုန်း-၀၉၄၂၈၂၂၉၈၄၃ ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း