နမ့်စန်မြို့နယ် လွယ်ဆိုင်းကျေးရွာတွင် ပြည်သူ့စကားဝိုင်းကျင်းပ

နမ့်စန်(တ)  ဖေဖော်ဝါရီ   ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက နမ့်လစ်ကျေးရွာအုပ်စု လွယ်ဆိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးလင်းအောင်ဆွေက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာအောင်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက နမ့်လစ်ကျေးရွာအုပ်စုအတွင်း ဆောင်ရွက်ပြီးစီးသည့် သောက်သုံးရေရရှိရေး၊ မီးရရှိရေး ၊ လမ်းပန်းဆက်သွယ်ရေး စသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ 2019 Novel Coronavirus အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ သိကောင်းစရာများ၊ ရောဂါမဖြစ်ပွားရေးအတွက် ဆောင်ရန်/ရှောင်ရန်နှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ စသည်တို့ကို ဦးဆောင်ဆွေးနွေးခဲ့ပြီး  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြသိန်း က ပိုးမွှားများ ကျရောက်ခြင်းနှင့် သီးနှံများပျက်စီးမှုအန္တရာယ်၊ အောင်မြင်သော စိုက်ပျိုးရေး၊ စိုက်ပျိုးနည်းစနစ်များ၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေးနှင့် ပိုးသတ်ဆေး စနစ်တကျသုံးစွဲရေး၊ သဘာဝပတ်ဝန်းကျင် ဝိုင်းဝန်းထိန်းသိမ်းရေးနှင့် သစ်တောပြုန်းတီးမှုလျှော့ချရေးတို့ကို လည်းကောင်း၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းက မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျေးရွာများ၏ လိုအပ်ချက်အရ ကျေးလက်ရေရှိရေးလုပ်ငန်းနှင့် ဆိုလာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု များကို လည်းကောင်း  အသီးသီး ဆွေနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများက သောက်သုံးရေရရှိရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့များ စစ်ဆေးပေးနိုင်ရေး၊ ပိုးသတ်ဆေး စနစ်တကျ သုံးစွဲရန် ပညာပေးမှုများ မကြာခဏ ပြုလုပ်ပေးရေး၊ ကျေးရွာမီးလင်းရေး၊  စာသင်ကျောင်းဆောင်သစ်ရရှိရေး၊ ကျောင်း ခြံစည်းရိုး ကာရံ ပေးရေး၊ ကျေးရွာတွင်းလမ်းများကို စနစ်တကျထပ်မံချဲ့ပေးရေး၊ မြစိမ်းရောင်အတိုးငွေ ပြန်လည်ပေးဆပ်မှုကို ၆ လတစ်ကြိမ်အစား တစ်နှစ်တစ်ကြိမ် ပြောင်းလဲပြင်ဆင်ပေးနိုင်ရေးနှင့် အခြားကျေးလက်ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

အဆိုပါ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲသို့ နမ့်လစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်နုနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၉ ရွာမှ ရွာသူရွာသားများ စုစုပေါင်း ၁၄၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)