ကြံခင်းမြို့နယ် အ.ထ.က(ခွဲ)ကရင်စုကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ကြံခင်း နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကရင်စုကျောင်းတွင် လူငယ်ကဏ္ဍမြှင့်တင်ပေးနိုင်ရန်၊ ကျောင်းသား/သူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင်းမားစေရန် ရည်ရွယ်ပြီး  မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက  အဆိုပါကျောင်းခန်းမတွင်  ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကြာဒူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းလတ် အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပါသည်။

ဆက်လက်ပြီး  လူငယ်စကားဝိုင်းစတင်ကျင်းပရာ  ဦးဆောင်ဆွေးနွေးသူအဖြစ်   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့်  အ.ထ.က(ခွဲ) ကရင်စုကျောင်းမှ (တာဝန်ခံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းခိုင်တို့နှင့်အတူ  (G-10) ကျောင်းသား/သူများဖြစ်သော မောင်ဆက်မှူးပိုင်က "လူငယ်နှင့်ပညာရေး"ခေါင်းစဉ်နှင့် မသက်နှင်းစံက "လူငယ်နှင့်ယဉ်ကျေးမှု" ခေါင်းစဉ်များဖြင့်လည်းကောင်း၊ (G-9) ကျောင်းသား မောင်ရဲထိုက်အောင်က "လူငယ်နှင့်စာဖတ်ခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (G-8)ကျောင်းသူ  မခိုင်ဇင်ဖွေးက "လူငယ်နှင့်ကျန်းမာရေး"ခေါင်းစဉ်များဖြင့်    အသီးသီးဆွေးနွေးကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသော   ကျောင်းသား/သူများက   ခေါင်းစဉ်ပါ ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး သိရှိလိုသောအချက်များအား မေးမြန်းကြရာ  လူငယ်စကား ဝိုင်းဆွေးနွေးသော ကျောင်းသား/သူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး၊ သောကြာဒူး အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ကြပြီး အ.ထ.က(ခွဲ) ကရင်စုကျောင်း (တာဝန်ခံ) ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင် ပြသထားခြင်းအား စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်းနှင့် အခမ်းအနားသို့ သောကြာဒူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းလတ်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အ.ထ.က (ခွဲ) ကရင်စုကျောင်း(တာဝန်ခံ) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ (၁၅၁)ဦး တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)