ဝါးခယ်မ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေး အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အ.မ.က မင်းပိုင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်အေးအေးက အဖွင့်အမှာစကားပြောကြားပြီး အမှိုက်များကို စနစ်တကျသိမ်းဆည်းမှု၊ စွန့်ပစ်မှု အခြေအနေများ၊ မိလ္လာကန်များ စနစ်တကျသုံးစွဲသိမ်းဆည်းမှု၊ စွန့်ပစ်မှုအခြေအနေများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြို့ရွာသန့်ရှင်းသာယာလှပရေး စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့ကျစေရေး စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေး အသိပညာပေး ဟောပြောခြင်းများ၊ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းကို လက်တွေ့ သရုပ်ပြသခြင်းများ၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ လိုက်လံနှိုးဆော်ကြေညာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)