ကလိန်အောင် နိုဝင်ဘာလ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားထားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လဲ့က အဆိုပါ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအား ကျေးဇူးတင်စကားပြောကြားပြီးနောက် "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက အဆိုပါစာအုပ်ကို ဖတ်ရှုလေ့လာခဲ့ပြီး အပြန်အလှန်ဆွေးနွေးရာ "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ" စာအုပ်ပါဆောင်းပါးများကို မောင်ရဲလွင်ဦးက "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" ခေါင်းစဉ်ကိုလည်းကောင်း၊ မောင်စစ်သွေးအောင်က “ပညာတတ်ဖို့ စာဖတ်ရမည်” ခေါင်းစဉ်ကိုလည်းကောင်း၊ မဆောင်းပွင့်ဖြူက "ခေတ်နှင့်အညီ ဘာသာရပ်ဖွံ့ဖြိုးရေး" ခေါင်းစဉ်ကိုလည်းကောင်း၊ မောင်မျိုးမင်းထိုက်က "လူငယ်များအတွက်ဇာတက" ခေါင်းစဉ်ကိုလည်းကောင်းနှင့် မနှင်းပွင့်ရည်က "ဂုဏ်ယူစရာ ကြိုးစားစရာ" ခေါင်းစဉ်ကိုလည်းကောင်း၊ စာပေချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက နိဂုံးချုပ်ဆွေးနွေးရာတွင် လူငယ်တို့သည် ရိုးသားဖြောင့်မတ်၊ သတ္တိရှိပြီး အမှားအမှန်ကိုဝေဖန်ပိုင်ခြားတတ်စေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စာအုပ်စာပေများကိုဖတ်ရှုလေ့လာပြီး စာပေမှရရှိသော အသိပညာဗဟုသုတများတိုးပွားလာစေရန် မိမိတို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ လူငယ်များအား နှိုးဆော်ပေးစေလိုကြောင်းစသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)