မင်းတပ် အောက်တိုဘာ ၂၄
မင်းတပ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း (၁၁၆)ရုံဖြင့် ကျင်းပမည်ဖြစ်ရာ တယ်လီဖုန်းလိုင်းမရသည့် မဲရုံ(၂၅)ရုံအတွက် လက်ကိုင် စကားပြောစက် (၂၅)လုံး ထားရှိသွားမည် ဖြစ်သည်။
"မင်းတပ်မြို့နယ်မှာဆိုရင် မုန်းချောင်း အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ(၉)ရွာမှာ တယ်လီဖုန်းလိုင်း မရဘူး၊ မကွီအိမ်နူးမြို့မှာဆိုရင် ကျေးရွာ(၁၆)ရွာမှာ တယ်လီဖုန်းလိုင်း မရဘူး ၊ ဒီလို ဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာတွေမှာရှိတဲ့ မဲရုံတွေအတွက် လက်ကိုင်စကားပြောစက် (၂၅)လုံး ထုတ်ပေးထားပါတယ်၊ ဆက်သွယ်ရေးကွန်ယက် ချိတ်ဆက်နိုင်ရေးအတွက် ICOM IC – V8000 အထိုင်စက်(၆)လုံးထားပြီး ဆက်သွယ်လို့ရ/မရကို စမ်းသပ်နေပါတယ်၊ ဇုန်(၈)၊ဇုန်(၉)နဲ့ ဇုန်(၁၀) က ဇုန်အလိုက် ဆက်သွယ်လို့ရပေမယ့် တစ်ခြားဇုန်တွေနဲ့ ဆက်သွယ်လို့မရသေးတဲ့ အတွက် အထိုင်စက်နေရာ ပြောင်းလဲဖို့ နေရာရှာဖွေနေပါတယ်၊ ICOM IC – V718 ကိုလည်း အရန်အဖြစ် အဆင်သင့်ပြင်ဆင်ထားပါတယ်" ဟု မင်းတပ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရုံးဦးစီး၊ ရဲအုပ်တင်မိုးလှိုင် က ပြောကြားသည်။
တယ်လီဖုန်းလိုင်း ရရှိခြင်းမရှိသည့် မဲရုံ(၂၅)တွင် အသုံးပြုမည့် လက်ကိုင်စကားပြောစက်များကို အဆိုပါမဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ(၂၅)ဦးအား အောက်တိုဘာလ (၁၇)ရက်နေ့တွင် ထုတ်ပေးပြီးနောက် လက်ကိုင်စကားပြောစက် အသုံးပြုနည်းများကိုလည်း သင်ကြားပေးထားကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)