အင်ဂျန်းယန်မြို့နယ်၌ အသက် (၉)နှစ်မှ အသက် (၁၀)နှစ်အတွင်းရှိ မိန်းကလေးများအား (HPV)သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ဆေးထိုးနှံပေး

အင်ဂျန်းယန် အောက်တိုဘာ ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့၌ အသက်(၉)နှစ်မှ အသက်(၁၀)နှစ်အကြားရှိ မိန်းကလေးများအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၉) နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (HPV)ပိုးသည် သားအိမ်ခေါင်းကင်ဆာကို အများဆုံးကူးစက်နိုင်ပြီး ဖြစ်ပွားမှု နှုန်းများသောကြောင့် ကြိုတင်ကာကွယ်ဆေး ထိုးနှံပေးရခြင်းဖြစ်ကြောင်း၊ (၁)နှစ်လျှင် တစ်ကြိမ်ဖြင့် (၁၂)လပြည့်ပါက တစ်ကြိမ်၊ စုစုပေါင်း (၂)ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ် ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို နိုင်ငံနှင့်အဝန်း ဆောင်ရွက်လျက်ရှိရာ အင်ဂျန်းယန်မြို့ပေါ် (၄)ရပ်ကွက်မှ မိန်းကလေး (၉)ဦးအား ထိုးနှံပေးခဲ့ပြီး ကျေးရွာအုပ်စုများအလိုက် အောက်တိုဘာ (၂၁) ရက် မှ (၃၀) ရက်နေ့အထိ သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုးနိုင်(ပြန်/ဆက်)