ကွမ်းလုံ အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒု-မဲရုံမှူးသင်းတန်းကို ယနေ့နံနက် ၉ နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းလှအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများမှ မဲရုံဖွင့်လှစ်ရန်ပြင်ဆင်ခြင်းနှင့် Covid-19 ဘေးကင်းလုံခြုံမှု၊ မဲရုံမှူးများ ရယူထားရမည့်ပုံစံများနှင့် မဲရုံသုံးပစ္စည်းများအကြောင်းရှင်းလင်းခြင်း၊ မဲရုံအဖွဲ့ဝင်များလုပ်ဆောင်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မသန်စွမ်းသူများ၊ အကူအညီလိုအပ်နေသူ မဲဆန္ဒရှင်များ ဆန္ဒမဲပေးခြင်း အဆင့်ဆင့်တို့နှင့် မဲရုံပိတ်ခြင်း၊ မဲရေတွက်ခြင်း၊ ပယ်မဲ၊ ခိုင်လုံမဲပေးခြင်းတို့ကို လက်တွေ့သင်တန်းပို့ချခဲ့သည်။
ယခုဖွင့်လှစ်သောသင်တန်းကို ကွမ်းလုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒု-မဲရုံမှူး (၆၀)ဦးတက်ရောက်ပြီး ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိကြောင်း၊ မဲဆန္ဒနယ်အမှတ်(၁) မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒု-မဲရုံမှူးသင်တန်းကို အောက်တိုဘာ(၂၄) ရက်နေ့၊ မဲဆန္ဒနယ်အမှတ်(၂) မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒု-မဲရုံမှူး သင်တန်းကို အောက်တိုဘာ (၂၅) ရက်နေ့တွင်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကွမ်းလုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၃၁)အုပ်စုတွင် မဲရုံပေါင်း (၅၈)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ (၃၇၅၇၆)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
စိုင်းဇော်ခမ်း (ကွမ်းလုံ)