ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဟားခါး         အောက်တိုဘာ   ၂၄

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဟားခါးမြို့၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအုပ်နောလ်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့် မိမိတာဝန်ကျရာ ခရိုင်နှင့် မြို့နယ်များသို့ ကြီးကြပ်ဆောင်ရွက် ပေးကြရန်နှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးလင်းကျော်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် ချင်းပြည်နယ်အတွင်း မဲဆန္ဒနယ် ပြင်ပရောက်သူများ ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်မဲရုံ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးဆောင်ရွက်ထားမှု အခြေအနေများ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများ နှစ်ကြိမ် ကပ်ထားကြေညာ ပြီးစီးမှု အခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်းဖြစ်သည့်အတွက် ကျန်းမာရေး ဆိုင်ရာ အကာအကွယ်များ ဆောင်ရွက်သွားမည့်အခြေအနေများ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်ဆောင်ရွက်ထားမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအုပ်နောလ်က ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ချင်းပြည်နယ်အတွင်း မြို့နယ်(၉)မြို့နယ်၌ မဲရုံပေါင်း(၁၁၁၄)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူပေါင်း (၃၃၁၆၉၈)ဦးရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)