ရှားတော အောက်တိုဘာ ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှားတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစောဒီးဒီက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)အကြောင်း မိတ်ဆက်ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးကို တက်ရောက်လာကြသည့် မြို့နယ်စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီဝင်များက စီမံကိန်း ကျေးရွာများ ရွေးချယ်ခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုး က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ရှားတောမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ကျေးရွာအဖြစ် မြောက်ပိုင်းကျေးရွာအုပ်စုတွင် ဒေါတနော ကျေးရွာနှင့် ဒေါနော်ကလုကျေးရွာ အလယ်ပိုင်းကျေးရွာ အုပ်စုတွင် ဒေါလဲခူကျေးရွာနှင့် ဆေးကိုလဲကျေးရွာနှင့် တောင်ပိုင်းကျေးရွာ အုပ်စုတွင် ဒေါဆိုဆကျေးရွာ၊ ဒေါဆော်ဘူးကျေးရွာ နှင့် ဒေါကလဲတေကျေးရွာ စုစုပေါင်းကျေးရွာ(၇)ရွာ ရွေးချယ်ခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)