စဉ့်ကိုင် နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊စဉ့်ကိုင်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်နှင့်ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်များကို အခမဲ့ကွင်းဆင်း ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယဦးစီးမှုး ဒေါ်စန္ဒာအေးအောင်က ကျောင်းသား/သူများသာမက ရပ်ကွက်နေပြည်သူများ၊ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် သုတ/ရသ စာအုပ်စာစောင်များကို အဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်စေရန်၊ စာပေနှင့်အထိအတွေ့ရှိစေရန် ရည်ရွယ်၍ ယခုလို လာရောက် ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ပြီး ငှားရမ်းခဲ့သောစာအုပ်များကိုလည်း စနစ်တကျ လေ့လာမှတ်သားကြ စေလိုကြောင်းပြောကြားခဲ့သည်။
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူများ စာပေကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများအရောက် လိုက်လံငှားရမ်းပေးသွားမည်ဖြစ်ပြီး မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာပေချစ်မြတ်နိုးသူတိုင်းအခမဲ့ အသင်းဝင်ရောက်ပြီး အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)