ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ကြံခင်း နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Youth Club အဖွဲ့ဝင်တို့ပူးပေါင်းပြီး စာရေးဆရာခင်စောတင့် ရေးသားသော စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြသည်။

စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှူခြင်းဖြင့် ဖတ်မှတ်ထားသည်များ အသိပညာဖလှယ်နိုင်စေရန်၊ စာပေမှရရှိသော အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ပူးပေါင်းဆွေးနွေးတတ်စေရန် ရည်ရွယ်ပြီးကျင်းပကြောင်း မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က ရှင်းလင်းပြောကြားသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူYouth Clubအဖွဲ့ဝင် (အ.ထ.က) ချင်းမြှောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ ဒေါက်တာခင်စောတင့်ရေးသားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ” စာအုပ်ပါအကြောင်းအရာများမှ "အချိန်အခါကိုသိပါ" ခေါင်းစဉ်အားလည်းကောင်း၊ "တန်ဖိုးထားပါစားစရာ" ခေါင်းစဉ်အားလည်းကောင်း၊" မွေးမေမေနှင့်ကျွေးမေမေ"ခေါင်းစဉ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြသည်။

ဆက်လက်ပြီး စာပေချစ်မြတ်နိုးသူ Book Clubအဖွဲ့ ဥက္ကဋ္ဌစာရေးဆရာဦးအေးမြင့်အောင် (မိုးမြေသစ္စာ) ၊ အမွန်(ကြံခင်း)နှင့်အဖွဲ့ဝင်များက အဆိုပါစာအုပ် ခေါင်းစဉ်ပါ အချက်များအပေါ်သုံးသပ်ဆွေးနွေးရာတွင် ဘဝမှာတွေ့ကြုံရတဲ့ကံကောင်းခြင်း ကံမကောင်းခြင်း၊ အဆင်ပြေခြင်းမပြေခြင်းတွေဟာ အချိန်အခါကို မချိန်ဆတတ်လို့ပါ လူတိုင်းရဲ့အလုပ်အကိုင်နဲ့ဆက်ဆံရေးတွေမှာ အချိန်အခါကိုသိခြင်းဆိုတဲ့နည်းနာကို သိမြင်ရမှာဖြစ်သလို သီးခံခြင်းကလဲ အောင်မြင်ခြင်း၏လမ်းစဖြစ်ပြီး အသိပညာနဲ့မိမိစိတ်ကိုထိန်းချုပ်နိုင်ရမှာဖြစ်ကြောင်း၊ အချိန်အခါမကျသေးဘဲ ဆုံးဖြတ်ချက်မစောရန်အား ပုံဖော်ရေးသားထားသောအချက်များနှင့် ခေါင်းစဉ်ပါအကြောင်းအရာများနှင့်ပတ်သက်၍ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ Book Clubအဖွဲ့နှင့် Youth Clubအဖွဲ့ဝင်များက မိမိတို့၏သဘောထားအမြင်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက အသိပညာပေးသုတ၊ ရသစာအုပ်မျိုးစုံ ခင်းကျင်းပြသထားခြင်းအား စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှူကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)