မိုင်းကိုင်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ပန်ကတ်)ကျောင်း၌ လူငယ်စကားဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပ

မိုင်းကိုင် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ပန်ကတ်)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် လူငယ်စကားဝိုင်းကို လူငယ်နှင့်ခေါင်းဆောင်မှုပညာခေါင်းစဉ်ဖြင့် စိုင်းအောင်ခမ်း၊ စိုင်းဆေဟန်၊ စိုင်းနွံလှိုင်း၊ နန်းကောင်ငင်း၊ နန်းဖွေးစံနှင့် နန်းမိုစံတို့က အပြန်အလှန်ဆွေးနွေးကြသည်။

အဆိုပါစကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေ အရာရှိ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ ဒုတိယ ပညာရေးမှူး၊ အခြေခံပညာအလယ်တန်းကျောင်း(ပန်ကတ်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သဇင်နုလေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆွေးနွေးပွဲပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များကို‌ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြောင်း သိရသည်။

နန်းအေးအေးသိန်း