ဟင်္သာတ ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာစီစာကုံးပြိုင်ပွဲကို ဟင်္သာတခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟင်္သာတခရိုင် ပြန်ဆက်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာဆွေက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို “အမျိုးသားနေ့အောင်ပွဲ” ခေါင်းစဉ်ဖြင့် ဟင်္သာတမြို့ပေါ် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အမျိုးသားနေ့နှင့်ပတ်သက်သော စာအုပ်၊ စာစောင်များ၊ သုတ၊ ရသစာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အလားတူပင် ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင်လည်း (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ထက်၊ လယ်၊ မူ စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ စာစီစာကုံးပြိုင်ပွဲတွင် “အမျိုးသားအောင်ပွဲနေ့”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “ပြည်ထောင်စု ငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ခေါင်းစဉ်ဖြင့်လည်းကောင်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း (၉၈)ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)