ကြံခင်း ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ကူညီပံ့ပိုးမှုဖြင့် ယမန်နေ့နေ့လည်ပိုင်းက ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲထိန်းချုပ်နိုင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကြောင့် ဖြစ်ပေါ်နိုင်သည့်ကျန်းမာရေးအန္တရာယ် သိကောင်းစရာများအားလည်းကောင်း၊ ဒုတိယဦးစီးမှူးဒေါ်မေသဉ္ဇာနှင်းက တို့ပတ်ဝန်းကျင်မထိခိုက်ရေးဆေးလိပ်၊ ဆေးရွက်ကြီးရှောင်ရှားပေး သိကောင်းစရာများနှင့် Book Clubအဖွဲ့ဝင် ဦးခင်လွင်က ဆေးလိပ်ဖြတ်ခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများအား အသိပညာပေးဟောပြောပြီးနောက် သမ္ဘရာအင်းလေးကျောင်းမှ လက်ထောက်ဆရာကြီးဦးသိန်းဌေးက ကျေးဇူးတင်စကားပြောကြားပါသည်။
ဟောပြောပွဲသို့ (အ.မ.က) သမ္ဘရာအင်းလေးကျောင်းမှ လက်ထောက်ဆရာကြီး ဦးသိန်းဌေးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူ (၂၅) ဦး တက်ရောက်ကြကြောင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသထားခြင်းအား စိတ်ပါဝင်စားစွာ ကြည့်ရှူလေ့လာကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)