ကျိုင်းတုံမြို့၌ ရှားပါးဓာတ်ပုံပြပွဲ ကျင်းပ

ကျိုင်းတုံ  ဖေဖော်ဝါရီ   ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယဉ်ကျေးမှုပြတိုက်အကြောင်း ပြည်သူများ ပိုမို သိရှိလာစေရန်၊ ဒေသအတွင်းရှိ ရှားပါးဓာတ်ပုံများအား အများပြည်သူများ လေ့လာနိုင်စေရန်၊ ရှားပါးဓာတ်ပုံများအား လေ့လာခြင်းဖြင့် ပြည်သူများဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ရှားပါးဓာတ်ပုံပြပွဲကို ကျိုင်းတုံမြို့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတွင်  ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၁ ရက်ထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ  ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံပြပွဲတွင် ကျိုင်းတုံစော်ဘွားများ၏ မှတ်တမ်းပုံများ၊ ကျိုင်းတုံမြို့ရှေးဟောင်း မြင်ကွင်းပုံများ၊ ရှမ်းပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသား များ၏ ရှေးခေတ်ဝတ်စားဆင်ယင်မှုပုံစံများနှင့် ဗိုလ်ချုပ်အောင်ဆန်းပုံများ အပါအဝင် ဓာတ်ပုံပေါင်း ၁၂၀ ခန့် ကို ပြသပေးလျက်ရှိရာ လာရောက်လေ့လာ ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)