မိုးညှင်း အောက်တိုဘာ ၂၅
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မိုးညှင်းမြို့နယ် အတွင်း ဖွင့်လှစ်ဆောင်ရွက်မည့် မဲရုံပေါင်း ၁၀၆ ရုံအတွက် မဲရုံသုံးပစ္စည်းများ ထုတ်ပေးခြင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ အောက်တိုဘာ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့များတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။
မဲရုံသုံးပစ္စည်းထုတ်ပေးခြင်း (ပထမနေ့) အောက်တိုဘာ ၂၄ ရက်နေ့တွင် အင်းတော်ကြီးမြို့၊ နန့်မွန်းမြို့နှင့် ဟိုပင်မြို့များရှိ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ မဲရုံ ၅၇ ရုံအတွက် မဲရုံသုံး ပစ္စည်းများ ထုတ်ပေးခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် နန်းမားမြို့၊ မိုးညှင်းမြို့နယ်နှင့် မော်ဟန်ဒေသရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးများသို့ မဲရုံ ၄၉ ရုံအတွက် မဲရုံသုံးပစ္စည်းများကို ဆက်လက် ထုတ်ပေးခဲ့ကြသည်။
အဆိုပါ မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် စနစ်တကျ ရှိစေရေးနှင့် မှားယွင်းမှုမရှိစေရန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံအေးနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်လမ်းညွှန်၍ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (၆၀)ရှိ မဲရုံပေါင်း ၁၀၆ ရုံအတွက် (၂)ရက်ခွဲ၍ စနစ်တကျ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)