(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ

မြိတ်   ဒီဇင်ဘာ   ၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသားရေးစိတ်ဓာတ်အကြောင်းကို ကျောင်းသား/သူများအား ဟောပြောခဲ့ပြီး ခရိုင်ရုံး ဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဆရာ/မများနှင့် ကျောင်းသား/သူများအား ဝေငှပေးခဲ့သည်။

ထို့နောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြပြီး ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးစေရန် စကားပုံဆက်ပြိုင်ပွဲနှင့် မြန်မာစာ စာလုံးပေါင်းသတ်ပုံအမှန်ရွေးနည်းပြိုင်ပွဲများကို ကျင်းပပေးခဲ့ရာ ကျောင်းသား/သူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယရရှိခဲ့သူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)