(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲ၊ စာအုပ်ပြပွဲ ကျင်းပ

ပလောက် ဒီဇင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊စာအုပ်ပြပွဲကို ယမန်နေ့ညနေပိုင်းက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပရခြင်းရည်ရွယ်ချက်၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် သမိုင်းကြောင်းများ၊ အမျိုးသားရေးစိတ်ဓာတ်၊ မြန်မာစာပေ၊ အမျိုးသား ယဥ်ကျေးမှုအမွေအနှစ်များ အစဥ်ထိန်းသိမ်းစောင့်ရှောက်ရေး စသည့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပရာ တက်ရောက်လာကြသည့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ပြီး ဦးစီးဌာန(ရုံးချုပ်)မှထုတ်ဝေသည့် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများ ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပလောက်မြို့ရုံးဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

နှင်းမြူလွင် (ပလောက်)