မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၁၀၃နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပန်းချီပြိုင်ပွဲကျင်းပ

မချမ်းဘော ဒီဇင်ဘာ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့တွင် ကျရောက် မည့် ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့်ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီလွင်က ပြိုင်ပွဲနှင့် ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးဂျီယောနသန်က အမျိုးသားနေ့တို့မမေ့ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောကာ ပန်းချီပြိုင်ပွဲကိုဆက်လက်ကျင်းပရာ မချမ်းဘောမြို့နယ် အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၃၀ ဦးတို့က ပါဝင်ယှဥ်ပြိုင် ခဲ့ကြသည်။

ထို့နောက် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူများကို မြို့နယ်ပညာရေးမှူးနှင့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်တရဆုလက်ဆောင်များ ချီမြှင့်ပေးအပ်ပြီး တက်ရောက်လာသောကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသော အမျိုးသားနေ့အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော)