နမ့်စန်(တ) ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဆောင်ရွက်ခဲ့ရာ အမှတ်(၃)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က မြန်မာနိုင်ငံ၏ အထိမ်းအမှတ်နေ့များ၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ ၂၀၂၃ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် “သတင်းစကား”လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေး၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)