ညောင်တုန်း ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင်(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်နှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) ဥက္ကဋ္ဌ ဦးစန်းမြင့်တို့က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပရခြင်းရည်ရွယ်ချက်၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံနှင့် သမိုင်းကြောင်းများ၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့ အဖြစ်သတ်မှတ်ခဲ့သည့်အကြောင်းအရင်များ၊ အမျိုးသားရေးစိတ်ဓာတ်သည် တိုင်းပြည်အတွက် အရေးပါသည့်အကြောင်းအရင်းများ၊ အမျိုးသားရေးစိတ်ဓာတ်၊ မြန်မာစာပေ၊ အမျိုးသားယဥ်ကျေးမှုအမွေအနှစ်များ အစဥ်ထိန်းသိမ်းစောင့်ရှောက်ရေးစသည့် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုနံရံကပ်စာစောင်ပြပွဲကျင်းပရာ တက်ရောက်လာကြသည့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)