မလှိုင်မြို့၌ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

မလှိုင် အောက်တိုဘာ ၂၅

၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်း ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းဝေးပွဲကို မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ၂ဝ၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး ခေါ်ယူရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်တိုးတိုးမော်က ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒေါ်ခင်စန်းမေက ကြိုတင် ဆန္ဒမဲပေးခြင်းလုပ်ငန်း အကြောင်းကိုလည်းကောင်း၊ မြို့နယ် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးဇော်မျိုးအောင်က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ဆန္ဒမဲပုံးချိတ်ပိတ်နည်းကို သရုပ်ပြသပေးခဲ့သည်။ ယင်းနောက် တက်ရောက်လာသူ များ၏ သိလိုသည့် မေးမြန်းချက်များကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ တစ်ဆက်တည်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် Mask(၁၅ဝ)ခုနှင့် Face Shield (၁၃ဝ)ခုတို့ကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်တင် နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။ 

အောင်ဌေး(မလှိုင်)