ပုသိမ်ကြီး ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စာရေးဆရာ မောင်ရန်ရှင်း(ရန်ကင်းတောင်)က အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် အမျိုးသားနေ့ကို နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိကြောင်း၊ အမျိုးသားနေ့ဖြစ်ပေါ်လာရခြင်းမှာ နယ်ချဲ့လက်အောက်ခံ ကိုလိုနီဘဝသို့ ကျရောက်ခဲ့ရာမှ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၅ရက်) နေ့တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက် ဆန့်ကျင်ခဲ့သောနေ့ဖြစ်ကြောင်း၊ နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်၍ သခင်ပညာ၊ အမျိုးသားပညာရေးကို တောင်းဆိုဖော်ပြသော တိုက်ပွဲဖြစ်၍ မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသော လှုပ်ရှားမှုကြီးတစ်ခုဖြစ်ခြင်းကြောင့် နှစ်စဉ် တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ တစ်ပြည်လုံး အတိုင်းအတာဖြင့် ကျင်းပလေ့ရှိကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် အဆိုပါ ဦးစီးဌာန၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများနှင့် ပန်းချီပြိုင်ပွဲများကိုလည်း ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)