တံတားဦး အောက်တိုဘာ ၂၅
ကျောက်ဆည်ခရိုင် တံတားဦးနယ်တွင် ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့မအခြေခံပညာ အလယ်တန်း ကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးသင်တန်းဖွင့်ပွဲတွင် ကျောက်ဆည်ရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် ဦးဝင်းအောင်က အမှာစကားပြောကြားပြီး တံတားဦးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်ထွေထွေးညွန့်က အသက်(၆၀)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေး ၊ မဲပေးခြင်းလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် စီမံဆောင်ရွက်ထားရန် ၊ ဆန္ဒမဲလက်မှတ်များ ပယ်မဲမဖြစ်ရေးအတွက် လုပ်ငန်းများအကြောင်းကို ပြောကြားခဲ့ကြောင်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် သင်တန်းနည်ပြ(၄)ဦးက မိမိတို့ကဏ္ဍအလိုက် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များကို ဆွေးနွေးပို့ချကြောင်းသိရသည် ။
အသိပညာပေးသင်တန်းတွင် တံတားဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၀)အုပ်စုမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အတွင်းရေးမှူး စုစုပေါင်း(၆၀)ဦးကို ယနေ့တွင် ဖွင့်လှစ်ပို့ချပြီး ၊ မဲဆန္ဒနယ် အမှတ်(၂)တွင် ရပ်ကွက်၊ကျေးရွာအုပ်စု(၃၄)အုပ်စုမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အတွင်းရေးမှူး စုစုပေါင်း(၆၈)ဦးကို စာသင်ခန်းနှစ်ခန်းခွဲ၍ ပို့ချမည်ဖြစ်ပြီး အောက်တိုဘာလ (၂၆)ရက်နေ့တွင် ဆက်လက်ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း တံတားဦးမြို့နယ်အနေဖြင့် မဲရုံပေါင်း(၂၀၄) ရုံပြီး ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း တစ်သိန်း တစ်သောင်း ငါးထောင်ကျော် ရှိကြောင်းမြို့နယ်ရွေးကောက်ပွဲ ကောက်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းထွန်းနိုင် ထံမှသိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)