ပြင်ဦးလွင်မြို့ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲနှင့် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို)ဟောပြောပွဲနှင့်  ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်း (၁)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ စာရေးဆရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။   

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာ  ကိုရွှေအောင်သင်းက အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများနှင့် အမျိုးသားရေးတာဝန်များ  စသည့် အကြောင်းအရာများကို  ဟောပြောခဲ့ပြီး တာဝန်ရှိသူများက ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများနှင့်ပတ်သက်သည့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များကို ကျောင်းသား၊ ကျောင်းသူများအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကဗျာနှင့်  စာစီစာကုံးပြိုင်ပွဲများတွင်  ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)