သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် အိမ်တွင်းမှုလုပ်ငန်းဖြင့် မီးပုံးပျံများ ထုတ်လုပ်ရောင်းချ

ပုသိမ်  အောက်တိုဘာ ၂၅

ပုသိမ်မြို့၊ အမှတ်-၂ နယ်မြေရွှေစည်းခုံလမ်းတွင် နှစ်စဉ်မီးပုံးပျံ ထုတ်လုပ်ရောင်းချလျက်ရှိသော ဒေါ်မြင့်မြင့်ရည်က မီးပုံးပျံပြုလုပ်ခြင်းနှင့် ပတ်သက်၍ ယခင်နှစ်များက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ကြိုတင်မှာ ယူမှုများရှိခဲ့ပြီး ယခုနှစ်တွင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားနေချိန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသွားအလာ ကန့်သတ်ခြင်းအမိန့်များ ထုတ်ပြန်ထားမှုကြောင့် ယခုနှစ်တွင် ပုသိမ်မြို့ပေါ်နှင့် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များသို့သာ ဖြန့်ဖြူးရောင်းချနေရခြင်းကြောင့် ရောင်းအား ကျဆင်းလျက်ရှိကြောင်း ပြောကြားသည်။

ဉာဏ်ရိုးအတွင်း ဖယောင်းရည်ထည့်သွင်း၍ မှိုင်းခံကာ လွတ်တင်ရသည့် မီးပုံးပျံကို အလျား ၄၈ လက်မ၊  လုံးပတ် ၄၅ လက်မ အရွယ်အစားရှိ မီးပုံးပျံငယ်များကို သီတင်းကျွတ်နှင့် တန်ဆောင်တိုင် မီးထွန်းကာလ များအမီ ကုန်ကြမ်းပစ္စည်း များ ဖြစ်သည့် မိုးကာသားများကို ယခင်က ရန်ကုန်မြို့မှ ကြိုတင်မှာယူရကြောင်း ဖယောင်းသွင်းရန်အတွက် ဉာဏ်ရိုးကို ပြည်မြို့ရှိ ရွှေဆံတော် ဉာဏ်ရိုးပွဲတော်မှ ဝယ်ယူရကြောင်း၊ ပွဲတော် ရာသီကာလ ရောင်းချနိုင်ရေးအတွက် ပုသိမ်မြို့နယ်မှ အိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော အလုပ်သမားများကို ကုန်ကြမ်း ပေး ကုန်ချောယူစနစ်ဖြင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်ခြင်းကြောင့် တနှစ်ပတ်လုံး အလုပ်အကိုင်အခွင့် အလမ်း များ ရရှိကြပြီး ပစ္စည်းအရည်အသွေးနှင့် လက်ရာများလည်း ကောင်းမွန်လာသည်နှင့်အမျှ ရောင်းချမှုများတွင် ကျယ်လာခဲ့ ကြောင်း သိရသည်။

ပုသိမ်မြို့မှ မီးထွန်းပွဲတော်အတွက် ရောင်းချပေးလျက်ရှိသည့် ဆိုင်အသီးသီးမှ ဖောက်သည်ယူ ရောင်းချ လျက်ရှိပြီး ယခင်နှစ်များက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးက လာရောက်မှာယူ ရောင်းချမှုများ ရှိခဲ့ရာ၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုများကြောင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ညွှန်ကြားချက်အတိုင်း လုပ်ကိုင်ဆောင်ရွက်နေရသည့်အတွက် ရောင်းအားကျဆင်းလျက်ရှိ ကြောင်း၊ ယခင်နှစ်များက မီးပုံးအလုံးရေ သုံးသောင်းကျော် ထုတ်လုပ်ရောင်းချရပြီး ယခုနှစ်တွင် တစ်သောင်းကျော်သာ ရောင်းချရကြောင်း မီးပုံးတစ်လုံးလျှင် ဖောက်သည်စျေး ၄၅၀ ကျပ်မှ ၅၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြင့်ဟန်